ဒီနေ့လည်း ကျွန်နော် ကံမကောင်းပါဘူး၊၊ဘယ်တော့မှလည်း ကောင်းမှာ မဟုတ်ဘူး။ မေးလ်လေးများ Check လိုက်ရင် ပျှော်စရာတို့ ကြည်နူးစရာတို့ မဖတ်ရတာ ကြာပါပြီ။
အကိုတွေ တင်သွားတဲ့ သတင်းတွေ ပို့စ်တွေမှာလည်း ဒီသုံးစားမရတဲ့ နွားအဖွဲ့ (နအဖ) ရဲ့ ခိုး ဆိုး လုယက် နေတာတွေပဲ နေတိုင်းမြင်တွေ့နေရတယ်။
ကျွန်နော်နဲ့အတူ အားလုံးလည်း နားလည်ပြီးသားပါ။
တန်ဖိုးထားတာနဲ့ တန်ဖိုးရှိတာ...။
လူတိုင်းက အခြေနေတစ်ခုမှာ ရွေးချယ်စရာနှစ်ခုက နေတစ်ခုကို သူတို့ဘဝအတွက် ရွေးကြရပြီဆိုရင် ဘယ်သူမဆို သူတို့ဘဝမှာ သာယာပျှော်ရွှင်မှု့ပေးတဲ့ လမ်းကိုပဲ ရွေးတတ်ကြတာပဲ။
မထူးဆန်းတဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ နားလည်ပေးပါတယ်။
ဒါပေမဲ့ ကျွန်နော် နားမလည်နိုင်တာကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် သူတို့ပြောတဲ့ ဘာမှ ဖြစ်မလာသေးတဲ့ ဦးတည်ချက်တွေထဲက စာကားလုံးလှလှတွေရေးပြီး ဆောင်ပုဒ်လှလှတွေထဲက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး ဆိုတာလေ။
မြန်မာပြည် အလွမ်းပြေ ရုပ်ရှင်ဇတ်ကားတွေ ကြည့်သူတိုင်း FW နဲ့ ကျော်ကြည့်နေလည်း လူတိုင်းကြားနေရတဲ့ အဲ့အသံကို မှတ်မိ နေတုန်းပါ၊၊
ကျွန်နော်ကတော့ ကျွန်နော့် သက်တမ်းတစ်လျှောက် ကျင့်သုံးခဲ့တဲ့ ပေါ်လစီက ကျွန်နော် ဘာကောင်မှ မဟုတ်ပေမဲ့ တတ်အားသမျှ ကောင်းကျိုးတစ်ခု ပြုချင်တယ်။ ကိုယ့်ကိုကိုယ် သိပ်ပြီး ယဉ်ကျေးသိမ့်မွေ့ပါတယ် ဆိုပြီးလည်း အော်မနေတတ်ပါဘူး။ ရိုင်းသင့်ရင် ရိုင်းခဲ့တယ်၊ ဆိုးသင့်ရင် ဆိုးခဲ့တယ်၊ ရင်းသင့်ရင် ရင်းခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ်ဘာလုပ်လုပ် ဘာမှဖြစ်မလာရင် ဘာမှပြောမနေဘူး။ အကြောင်းပြချက်တွေ စာသားလှလှလေးတွေ၊ သူများတွေလိုလဲ တက္ကသိုလ် ကောလိပ်တွေထိ စာတွေမသင်ခဲ့ရဘူးတော့ ဆယ်တန်းတုန်းက စာလေးမှတ်မိသေးတယ်...။
Definitions of power!
Power is capacity to do work!
စွမ်းအင်ဆိုတာ အလုပ်ပြီးမြောက်ခြင်းဆိုတဲ့ စာပုဒ်လေးပါ၊၊အဲ့လို ဆိုရင် ဘာတွေအော်နေအော်နေ ဘာမှဖြစ်မလာတာ ဘာမှ မဟုတ်ဘူးလို့ပဲ ကျွန်နော် သဘောထားတယ်လေ၊၊
ကိုယ်ရှင်သန်တဲ့ ပါတ်ဝန်းကျင်တစ်ခုမှာ ဘာမှ မဟုတ်လို့မှ ကိုယ့်ကို လိုလားတဲ့ အခြေအနေ မရှိတော့တာကို ကိုယ့်ကိုကိုယ် မရှက်တမ်း နားလည်သဘောပေါက်သွားတဲ့နေ့ အဲ့နေရာတစ်ခုရဲ့ နားလည်မှု့ အပြည့်ပေးခဲ့ပီ...။
အလိုက်တသိနဲ့ပဲ အဝေးဆုံးမှာနေတတ်ပါတယ်...။ ကိုယ်မှဘာမှ မတတ်နိုင်တာ ဘယ်တော့မှ မနှောက်ယှက်ဘူး၊၊
ခုလည်းကြည့် IT Men is Banned ဆိုတဲ့ စာကြီးဖတ်လိုက်ရတော့ တာကို ကျွန်နော် စိတ်မကောင်း ဖြစ်မိပါတယ်။
သန်လျင် GTC ကျောင်းက ရင်ဖွင့်သံတွေ ဆိုတဲ့ ကိုကြီးဒီရေ တင်သွားတဲ့ ပို့စ်လေးရယ် ကျွန်နော်ကြိုးစားပြီး လက်တစ်ဖက်နဲ့ ရေးခဲ့တဲ့ စာတွေ သူတို့ နားမလည်ခဲ့ရင်တောင် သူတို့ပြောခဲ့ပြီး ဘာမှ ဖြစ်မလာသေးတဲ့ ဦးတည်ချက်တွေထဲက စာကားလုံးလှလှတွေနဲ့ ဆောင်ပုဒ်လှလှတွေ ထဲက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး ဆိုတာလေ။ သူတို့ ပြောတာနဲ့ ကိုက်ရဲ့လားဗျာ၊၊
IT Men ကဘာတွေလုပ်နေလို့လည်း။
သူတပါးကို နားလည်ပေးတာ မလည်ပေးတာထက် ဘယ်သူတွေ ဘယ်လိုပဲ ကျွန်နော်ကို သဘောထားပါစေ ကျွန်နော်ကတော့ ကိုယ့်အဆင့်ကိုယ်ပဲ နားလည်အောင် အမြဲ ကြိုးစားပါတယ်။ လုပ်သင့်တာ ကို အဲ့ဒီ အသိနောက်မှာ ရှိနေအောင် အကောင်ထည် ဖော်ပါ့မယ်၊၊
ခင်ဗျားတို့ နွားအဖွဲ့ ( န အ ဖ ) လည်းအချိန်တန်ပီလို့ ကျွန်နော်ထင်တယ်။
IT Men is Banned
Posted: 14 Jan 2010 10:20 AM PST
Cbox မှာ အော်ခဲ့ကြ၊ မေးလ်တွေ ပို့ကြတော့မှ itmen ကို ပုဂံက ဘန်းလိုက်ပြီဆိုတာကို သိခဲ့ပါတယ်။ စစကြားချင်း အရမ်းအံ့သြမိပါတယ်။ ဘာကြောင့်လဲ၊ ဘာတွေပါလို့လဲလို့ ဘန်းတဲ့အကောင်တွေကို ပြန်မေးချင်တယ်။ အစကတည်းက ဘန်းခံရမှာ ကြောက်လို့ ဘာမှမပါအောင် ရှောင်ပြီး ရေးခဲ့ပါတယ်။ ကျွန်တော် ယူဆတာက ဘန်းခံရရင် အလွယ်တကူနည်းနဲ့ ၀င်လို့မရတော့ဘူး။ အဲဒီအခါမှာ နည်းပညာပြန့်ပွားမှု နည်းသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဘာမှမပါအောင် ရှောင်ရေးခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေများ ရေးချင်လိုက်တာ လက်ကိုယားနေတာ။ အဘန်းခံရရင် စာဖတ်သူတွေ ဘလော့ဂ်ကို ၀င်ရတာ အခက်အခဲ ဖြစ်မှာ မို့ မရေးခဲ့ပါဘူး။
ပုဂံက ဘန်းတဲ့အကောင်သေး၊ အကောင်ကြီးများ ခင်ဗျား။ ကျွန်တော်ကတော့ ကျွန်တော်တို့လူငယ်တွေ တော်ပါစေ၊ တတ်ပါစေတော့ဆိုပြီး တတ်နိုင်သလောက်လေးနဲ့ ကိုယ်သိသလောက်လေးကို ဘလော့ဂ်လုပ်ပြီး ရှယ်ယာလုပ်နေပါတယ်။ ခင်ဗျားတို့ကတော့ ဒီတိုင်းပြည်ကတော့ လူငယ်တွေ တတ်သွားမှာ၊ တော်သွားမှာ အရမ်းကြောက်နေတယ် ထင်ပါရဲ့နော်။ လက်ရှိအစိုးရကို Anti လုပ်နေတဲ့ ဘလော့ဂ်တွေ၊ site တွေကို ဘန်းတာကို မပြောလိုပါဘူး။ အိုင်တီနည်းပညာ တိုးတက်ဖို့ ရေးသားနေကြတဲ့ ဘလော့ဂ်တွေ၊ site တွေထိ ဘန်းတာကိုတော့ နားမလည်ဘူး။ ခွင့်မလွှတ်နိုင်တော့ဘူး။
နည်းပညာအရ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မင်းတို့တွေ ဘယ်လိုပဲ ဘန်းဘန်း၊ ရအောင် ကျော်နေကြတာပဲ။ ကျော်လို့ ရနေတာပဲ။ မင်းတို့တာဝန်က သခင်ခိုင်းတဲ့အတိုင်း ဘန်းပေးရမှာပေါ့ ဟုတ်ဘူးလား။ ကျော်ရမှာကတော့ ငါတို့ရဲ့ တာဝန်ပေါ့ကွာ။
By IT Men at itmen.myanmarbloggers.org
IT Men Blog က ကျွန်နော့် နည်ပညာပိုင်း အသိတရားတွေ အတွက် ဆရာ တစ်ဦးသာ။ ပုဂ္ဂိုလ်ရေးရာ ခင်မင်ခြင်း လုံးဝ (လုံးဝ) မရှိပဲ လူ့ အသိစိတ်ဓါတ်ဖြင့် ဒီအိမ်မှာ ဒီ အကြောင်းရာဖော်ပြရင်း အွန်လိုင်းပေါ်က ဆရာတွေဖြစ်တဲ့ IT Men များအား တတ်နိုင်တဲ့ဖက်က ကျေးဇူးဆပ်ခြင်းသာ ဖြစ်ကြောင်း အလေးအနက် အသိပေး အပ်ပါသည်၊၊
ကျွန်နော်ကတော့ ကိုယ့်အဆင့်ကိုယ်ပဲ နားလည်အောင် အမြဲ ကြိုးစားပါတယ်
ပူးပေါင်း ဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေး ကော်မတီပြော
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုခြင်းကို ထောက်ခံကြောင်း မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီက ပြောသည်။"ဒေါ်စုကို လွတ်လပ်စွာ ဆွေးနွေးခွင့် ပြုပါ။ ဒေါ်စု ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ အဟန့်အတားဖြစ်အောင် မဆောင်ရွက်ပါနဲ့။ အလျော့ပေးမှုတခု ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ တိုင်းပြည်အကျိုးကို ရှေးရှုမယ်ဆိုရင် ဒီအခြေအနေကို သူတို့လက်ခံရမယ်" ဟု ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ ကော်မတီရုံး၌ ယမန်နေ့က ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ အကြို သတင်းစာ ရှင်းလင်းပွဲအပြီး ပြောခွင့်ရသူ ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောခြင်းဖြစ်သည်။မြန်မာအရေး ဆွေးနွေးပွဲအား ယခုလကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကော်မတီဝင်များ အနေဖြင့် ၈၈ ကျောင်းသားများ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွသူများကို လိုက်လံ ဆွေးနွေးမှုများ မပြီးဆုံးသေးသဖြင့် လာမည့်လ ဒုတိယပတ်သို့ ပြောင်းရွှေ့ လိုက်သည်။ ဆွေးနွေးပွဲ ကျင်းပပြီးနောက် ရလဒ်များအား သတင်းမီဒီယာများထံသို့ ကြေငြာပေးမည်ဖြစ်ပြီး စတင် ကျင်းပသည့်နေ့မှာပင် ကော်မတီအား ဖျက်သိမ်းလိုက်မည်ဖြစ်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။ထို့အပြင် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးကလည်း ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်း ချမ်းသာခွင့်ပြုမှ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဟူသည့် အချက်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေငြာချက်ပါ အကြောင်းအရာများကို သတင်းထောက်များအား ရှင်းပြခဲ့သည်ဟု သိရသည်။သတင်းစာရှင်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီမှ ၂နာရီခွဲအထိ ကျင်းပခဲ့ပြီး ပြည်တွင်း သတင်းဌာနများ ဖြစ်သော ရန်ကုန်တိုင်း(မ်)၊ မြန်မာတိုင်း(မ်)၊ 7 days ၊ Flower News၊ True News၊The Voice နှင့် နိုင်ငံခြား သတင်းဌာနများဖြစ်သည့် Reture ၊ AP ၊ AFP ၊ အပါအဝင် သတင်းဌာန ၂၀ ကျော် တက်ရောက်ခဲ့သည်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ စရဖ ၂ ဦးခန့် တက်ရောက် နားထောင်ခဲ့သည်။ ထို့အပြင် ရဲနှင့် ထောက်လှမ်းရေးများကလည်း စောင့်ကြည့်ခဲ့ပြီး တက်ရောက်သူများအား ဓါတ်ပုံ ရိုက်ယူခဲ့ကြောင်း သူက ဆက်ပြောသည်။နိုင်ငံရေးကို ပွင့်လင်း မြင်သာအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် သင်ပုန်းချေနိုင်ကြောင်းနှင့် စစ်တပ်အား ရန်သူအဖြစ် သဘောမထားကြောင်း သူက ဆိုသည်။"နိုင်ငံရေးကို ပွင့်လင်းမြင်သာအောင် လုပ်မယ်။ စစ်တပ်နဲ့ ကိုယ်တို့ကြားမှာ ရန်သူလို သဘောမထားဘူး။ အရှင်းဆုံး ပြောရရင် တရားဝင် ရပ်တည်နိုင်ဖို့ ကြိုးစားမယ်။ ရှေ့ဆက်ပြီး ဂုဏ်သက္ခာရှိစွာ ဖြတ်သန်းမယ်။ စစ်တပ်၊ ပြည်သူ ပူးပေါင်းရမယ်လေ။ ဒါပေမဲ့စစ်တပ်က နိုင်ငံရေးသမားတွေကို မယုံကြည်သေးဘူး" ဟု သူက ပြောသည်။ပြီးခဲ့သည့် နိုဝင်ဘာလလယ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ မြန်မာ့အရေး ဆွေးနွေးပွဲ လုပ်မည့်အကြောင်း စာပို့လိုက်ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စရဖမှ ကော်မတီဝင်များ၏ နေအိမ်များသို့ လာရောက် မေးမြန်း စုံစမ်းခဲ့ကြောင်း သိရသည်။ကိုဖြိုးမင်းသိန်း၏ နေအိမ်ကိုလည်း စရဖ၏ "နိုင်ငံရေး ပါတီများ စုံစမ်းရေးအဖွဲ့" မှ တပ်မှူးတဦး ခေါင်းဆောင်၍ လာရောက် မေးမြန်း စုံစမ်းခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ဘူးသိုနှင့် လူသောမြို့နယ်အတွင်းရှိ ကရင်လူထု ၇,၀၀၀ ကျော်သည် ၂၀၀၉ ခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်အထိ စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
အဆိုပါ ကရင်လူထုများသည် ၎င်းတို့အခြေချရာ နေရပ်ရင်းများ၌ စစ်အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကြောင့် နီးစပ်ရာ တောတွင်းသို့ မကြာခဏ ပုန်းရှောင်ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ နေရာအတည်တကျ မရှိဘဲ မိသားစုဝမ်းစာ တောင်ယာစပါးများနှင့် ကောက်ပဲသီးနှံများ မစိုက်ပျိုးနိုင်ခြင်းအပြင် စိုက်ခင်းတွင် ပိုးကျခြင်းများကြောင့် ယခုလို ရိက္ခာပြတ်လပ်မှု ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ် သည်။
“စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်တာတော့ ပြီးခဲ့တဲ့နှစ်မှာ ရှိတော့ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုများလာတယ်။ ဒီဒေသက လူထု တွေဟာ နအဖ စစ်တပ်ကို အတွေ့မခံရဲကြတဲ့သူတွေ။ စစ်တပ်က သူတို့ရွာကို ရောက်လာရင် သူတို့က ရှောင်နေလိုက်တယ်။ စစ် တပ်က စခန်းအခြေကျလို့ မပြောင်းတော့ သူတို့လည်း နေရပ်ပြန်မရတော့ဘူး။ တခါ စစ်တပ်က လှုပ်ရှားမှု ထပ်တိုးရင် သူတို့က တခြားနေရာကို ထပ်ရွှေ့။ ဒီလိုနဲ့ပဲ တောင်ယာတွေ၊ လယ်တွေကို ဖြစ်သလိုလုပ်ရတော့ စပါးက ထင်သလောက်မစားရဘူး။ နောက် စပါးပိုးကျလိုက်၊ ကြွက်ကျလိုက်နဲ့ စားနပ်ရိက္ခာက ပြတ်လပ်လာပြီး အခုနှစ်ဆို ငတ်လာရတဲ့ အခြေအနေထိ ဖြစ်လာတယ်”ဟု ကေ အဲန်ယူ ဖာပွန်ခရိုင် အတွင်းရေးမှူး ပဒိုစောထူးလယ်ဝါးက ကေအိုင်စီကို ပြောသည်။
ထိုဒေသရှိ စပါးခင်းများတွင် ကြွက်ကျမှုများမှာ နှစ်စဉ် အနည်းနှင့် အများဖြစ်တတ်သော်လည်း ကြွက်များကို ထောင်ချောက်သုံးကာ ဖျက်ဆီးသတ်ဖြတ်သော်လည်း အကောင်သေးသည့်အတွက် ထိရောက်မှုမရှိဘဲ အချို့လူထုမှာ ကြွက်သတ်ဆေးများ ကူညီပေးရန် တောင်းဆိုလာသည်အထိ စိုက်ပျိုးရေးမှာ ဆိုးရွားလာသည်ဟု သိရသည်။
“ကြွက်တွေဟာ အကောင်သေးလွန်းတော့ ထောင်ချောက်ကို တက်နင်းမိလည်း ထောင်ချောက်မထိဘူးလေ။ အဲဒီတော့ ရွာသားတွေ က ကြွက်သတ်ဆေးနဲ့ သတ်ဖို့ စဉ်းစားလာကြတယ်။ ကျနော်တို့အနေနဲ့က ကြွက်သတ်ဆေးဟာ လူတွေအတွက်လည်း အန္တရာယ် ရှိတော့ စီစဉ်ပေးဖို့ ခက်နေတယ်”ဟု စောထူးလယ်ဝါးက ဆိုသည်။
ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (စီအိုင်ဒီကေပီ)၏ အတွင်းရေးမှူး စောစတိဗ်ကလည်း “လူထုတွေ ဒုက္ခ ရောက်တာတော့ အမှန်ပဲ။ အရင်က တရက်ဆိုရင် ဆန်ပြုတ်နှစ်ခါ သောက်ရမယ့်အစား အခုတခါလောက်ပဲ သောက်ရတာတော့ ရှိတယ်။ ဒါပေမယ့် ငတ်တဲ့အဆင့်လောက်တော့ မရှိသေးဘူးပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့အဖွဲ့တွေ တတ်နိုင်သလောက် သူတို့ကို သွားရောက်ကူညီပေးမှုတွေ ရှိတယ်။ နောက် သူတို့အချင်းချင်းကလည်း ရှိတဲ့ဆန်နဲ့ အခြားစားစရာကို မလောက်မငှ ခွဲဝေ စားသောက်ကြရတယ်”ဟု ပြောသည်။
စီအိုင်ဒီကေပီအနေဖြင့် ယခု စားနပ်ရိက္ခာပြဿနာနှင့် ရင်ဆိုင်နေသော ဘူးသိုနှင့် လူသောမြို့နယ်မှ ဒုက္ခရောက် ကရင်ပြည်သူများ အတွက် နိုင်ငံတကာရောက် ကရင်များနှင့် အခြားလူသားစာနာထောက်ထားသည့် နိုင်ငံတကာမှ အဖွဲ့အစည်းများထံ တင်ပြတောင်း ဆိုကာ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း စောစတိဗ်က ဆက်ပြောသည်။
ဖာပွန်ခရိုင်ရှိ ဘူးသိုနှင့် လူသောမြို့နယ်တွင် ရွာပေါင်း ၂၆၄ရွာရှိပြီး လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ အဆိုပါဒေသရှိ ကွင်းနယ်မြေဒေသ ရှိ လူထုများ နေထိုင်ရာသို့ နအဖ စစ်တပ်များ ၀င်ရောက်နေရာယူသည့်အတွက် ပြည်သူများ ကစဥ့်ကလျားဖြစ်ကာ ယခုအချိန်ထိ အတည်တကျ နေထိုင်နိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းနေထိုင်နေရသည်။
လက်ရှိအချိန်တွင် ဘူးသိုမြို့နယ်၌ ဖာပွန်စခန်းထိုင် နအဖ တပ်ရင်း (၆)ရင်းနှင့် လူသောမြို့နယ်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၃) နည်း ဗျူဟာ အမှတ်(၁)နှင့် (၃) လက်အောက်ခံ တပ်ရင်း (၈)ရင်းတို့ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။
Copy Right By...Burma News International

၁၉၉၀ ပြည့်နှစ်မှစ၍ ပျောက်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာအမွေအနှစ် အနုပညာရပ်တခုဖြစ်သော ရုပ်သေး ပညာ ကို ပြန်လည်ဖော်ထုတ်ကာ မန္တလေးရုပ်သေးအဖွဲ့ကိုစတင်တည်ထောင်ခဲ့သူ ဒေါ်မမနိုင်သည် မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင်၏ သမီးလည်းဖြစ်သည်။
ယခုလက်ရှိတွင် ရုပ်သေးပညာဖြင့် ကမ္ဘာအရပ်ရပ်သို့သွားရောက် ဖျော်ဖြေကပြ လျက်ရှိပြီး ဆိုကရေးတီး ရုပ်သေးပြိုင်ပွဲတွင်လည်း ဗဟိုဒိုင် အကဲဖြတ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်း ဒေါ်မမနိုင်(ရုပ်သေး)အား ဧရာဝတီ သတင်းထောက် သဲသဲ က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။
မေး။ ။ မျိုးဆက်သစ်တွေအနေနဲ့ကော ရုပ်သေးပညာကို စိတ်ဝင်စားမှုရှိလား။
ဖြေ။ ။ စိတ်ဝင်စားကြတယ်။ဘာလို့လည်းဆိုတော့ ကျမတို့အဖွဲ့ကလည်း စံပြဖြစ်သွားတာကိုး။ကျမတို့ဆီမှာ ရုပ်သေး ကြိုးဆွဲနေတဲ့ မျိုးဆက်သစ်တွေကို နိုင်ငံခြားခရီးစဉ်တွေမှာ တလှည့်ဆီခေါ်သွားတယ်။ ကျမတို့အမာခံတွေအပြင်ပေါ့။ ဒါတွေက သူတို့အတွက်မက်လုံးလေးတွေပေါ့။နိုင်ငံခြားအတွေ့အကြုံ ဗဟုသုတတွေလည်းရတယ်၊ကမ္ဘာကလည်း မြန် မာ့ ရုပ်သေးအနုပညာကို နှစ်ခြိုက်မှန်းသိတဲ့အခါကျတော့ လူငယ်တွေကလည်းစိတ်ဝင်စားလာတာပေါ့။
မေး။ ။ ဒီမန္တလေး ရုပ်သေးအဖွဲ့က အခုဆိုရင်နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံသွားရောက်ဖျော်ဖြေပြီးပြီလဲ။
ဖြေ။ ။ အာရှထဲမှာဆိုရင် ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ ဂျပန် ၊ ထိုင်ဝမ် ပေါ့။ဥရောပပိုင်းဆိုရင် ပြင်သစ်ကတော့ တော်တော်များများသွားရတယ်။သူက ရုပ်သေးကို အရမ်းသဘောကျတယ် ဆိုတော့လေ။နောက် ဆွစ်ဇာလန်၊ သြစတြီးယား၊ ဂျာမနီ ၊ ဘယ်လ်ဂျီယမ် ၊ ဟော်လန် ၊ စပိန် ၊ ဖင်လန် ပေါ့ ။နောက် အာဖရိကတိုက် ရဲ့ညာဘက် ထိပ်မှာရှိတဲ့ မော်ရိုကို ရယ်၊ အနောက်နိုင်ငံ အနေနဲ့ကတော့ အမေရိကား တို့ပေါ့ ရောက်ပြီးသွားပါပြီ။ အောက် တိုဘာလထဲမှာလည်း ထိုင်ဝမ် နဲ့ အမေရိကားကို ဒုတိယအကြိမ်ထပ်သွားဖို့ရှိပါသေးတယ်။
မေး။ ။ နိုင်ငံခြားတိုင်းပြည်တွေကရော မြန်မာ့ရုပ်သေးကို အားပေးမှု ၊ ဝေဖန်မှု ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ သူတို့တွေကတော့ တကယ့်ကို မက်မက်မောမောပဲ။ပွဲတော်ကြီးတွေမှာဆိုရင် မြန်မာ့ရုပ်သေးပွဲက ရုံပြည့်ပဲ၊ ကျမတို့ရုပ်သေးက သူများနိုင်ငံကရုပ်သေးနဲ့တူမှမတူတာကိုး။သူတို့ရုပ်သေးတွေက ကလေးတွေအတွက် ဖျော်ဖြေ မှုသက်သက်ပဲဆိုတော့လေ။မြန်မာ့ရုပ်သေးကမှ တကယ့်ကိုခက်ခဲ နက်နဲဆုံး ပညာသားအပါဆုံးကိုး။ ကိုယ့်ရုပ်သေး ပွဲက ဆိုင်းဝိုင်းတွေနဲ့ မြန်မာ့အကတွေရော၊စောင်းတွေရောဆိုတော့ သွားလေရာဘယ်နိုင်ငံဖြစ်ဖြစ် ရုံပြည့်ပါပဲ။
မေး။ ။ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ရုပ်သေးဆိုတာ ဘယ်လိုမျိုးပါလဲ။
[ရုပ်သေး ဘီလူးအက ကိုလည်း ကိုယ်တိုင်ကြိုးဆွဲပြသနေသည့် ဒေါ်မမနိုင်]
ရုပ်သေး ဘီလူးအက ကိုလည်း ကိုယ်တိုင်ကြိုးဆွဲပြသနေသည့် ဒေါ်မမနိုင်
ဖြေ။ ။ သူတို့ဆီမှာ ကြိုးဆွဲရုပ်သေးကော တုတ်ထိုးရုပ်သေးရောရှိတယ်။ကြိုးဆွဲရုပ်သေးက ဥရောပ နဲ့ တရုတ်မှာရှိ ပါတယ်။ ဒါပေမယ့် ကျမတို့နဲ့မတူပါဘူး။ သူတို့ကတော့ လက်ညှိုးထိုးတာတို့ ၊ လမ်းလျှောက်တာတို့ ၊ တခါတလေ အရုပ် ကလေးက တံမြက်စည်းလှည်းတာတို့ အဲလိုမျိုး ဟန်လောက်ပဲပေါ့။ထိုင်းဆိုရင် လူက ဝတ်ရုံအနက်တွေဝတ်ပြီး အရုပ်ကိုတုတ်နဲ့ထိုးပြီး ရာမယဏ ကတာတို့ရှိတယ်။ နောက်ဂျပန်ဆိုရင် အရင်က အရုပ်ကြီးတရုပ်ကို လူ ၃ ယောက် လောက် ကိုင်ပြီး ကရတယ်။ဒါပေမယ့်အခုတော့ မိန်းမတွေက ပြန်ထွင်လိုက်တယ်။လူရဲ့ရှေ့မှာအရုပ်ကိုထားပြီး လူ ခန္တာ ကိုယ်မှာ သံချိတ်တွေနဲ့တွယ်ပြီးလူကပါ လိုက်ကရတဲ့ ပုံစံမျိုးပါ။ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားက အရိပ်ရုပ်သေး၊ လာအို ကကျတော့ ဥရောပတီးလုံးကိုဖွင့်ပြီး အဲဒီတီးလုံးဖွင့်ထားတဲ့ အတောအတွင်းကိုမှ ကြွပ်ကြွပ်အိတ် အကြီးကြီး တလုံးကို ပုံချလိုက်တယ်။အဲဒီထဲကမှ တောင်းတွေ ၊ ပလုံးတွေ ၊ တုတ်တွေ ၊ ခွက်တွေ ထွက်လာပြီး အဲဒီမှာတထိုင် တည်း အတွဲ တွေတွဲပြီးတော့မှ ချက်ချင်းအရုပ်လုပ်ကြတယ်။အရုပ်လည်းအပြီး တီးလုံးလည်းအပြီးပေါ့။ဒါကကျတော့ ဖန်တီးမှု အနုပညာဖြစ်သွားတာပေါ့။ဥရောပရုပ်သေးကတော့ ခုနကပြောခဲ့သလိုပဲ ကလေးတွေပျော်ရွှင်ဖို့သက်သက် ရုပ်သေး ပါပဲ။ ကျမတို့ မြန်မာ့ရုပ်သေးသာ ပရိသတ်ကို ငိုစေ ၊ ရယ်စေ ၊ ချစ်စေ ၊ မုန်းစေ စတဲ့ ရသ ၉ ပါးကိုပေးစေ နိုင်တဲ့ပညာရပ်ပါပဲ။
မေး။ ။ မြန်မာပြည်မှာရုပ်သေးထုလုပ်တဲ့ပညာရှင်တွေ ကြိုးဆွဲပညာရှင်တွေအနေနဲ့ ဒီပညာရပ်ကိုမှီခိုပြီး သူတို့ဘဝရပ် တည်နေထိုင်နိုင်ပါသလား။
ဖြေ။ ။ သူတို့ဒီပညာနဲ့ရပ်တည်နေကြတာပါပဲ။တိုက်တွေ ၊ ကားတွေ တော့မရှိဘူးပေါ့နော်။အခုဟာက ကရုပ်ထုတဲ့ လူ ကလည်း ရှားလာပြီလေ။အရုပ်လုပ်တဲ့သူကလည်းလုပ်တဲ့အလျောက် အရုပ်ထုရောင်းကြတယ်။ကြိုးဆွဲကလည်း ကြိုး ဆွဲအလျောက် ဘုရားပွဲတွေ ဆိုကရေးတီးပွဲတွေမှာ ကပြရင်းနဲ့ပဲ ဒီလိုပဲအသက်မွေးနေကြတာပါပဲ။
မေး။ ။ နိုင်ငံတော်ကရော ဒီရုပ်သေးပညာကို ဘယ်လိုပံ့ပိုးမှုတွေရှိလဲ။
ဖြေ။ ။ နိုင်ငံတော်ကတော့ ဆိုကရေးတီးတွေလုပ်ပေးပြီးတော့မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတယ်ပေါ့၊ ဒီလို ရွက်ပုန်းသီးတွေကို လက်ရည်မပြတ်အောင် ဇာတ်တော်ကြီှးတွေ လုပ်ပေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် တနှစ်လုံးမက ဖြစ်ပေမယ့် ဒီလိုမျိုးတွေရှိနေတော့ ထိုးတော့ မရပ်သွားဘူးပေါ့။အဖွဲ့တွေက အပြိုင်အဆိုင်လုပ်ကြတော့ အရုပ်တွေက အစ လှတယ်။ နောက်တင်ဆက်ပုံတွေကအစကောင်းကြတယ်။ဒါပေမယ့်အဲဒါတွေက ပွဲပြီးတာနဲ့ သေတ္တာထဲသော့ခတ် ပိတ်လိုက် ကြတော့တာပဲကိုး။ ကျမဖြစ်စေချင်တာကတော့ တနှစ်ပတ်လုံးကို မြန်မာပြည်အနှံ့ဘုရားပွဲတွေမှာဒီရုပ်သေး ပညာကို ကပြတင်ဆက်နေကြမယ် ၊ အမြဲတမ်းဒီပညာနဲ့ပတ်သက်ပြီး ဘယ်လိုပရိသတ်ကို ချပြနေရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေမယ်ဆိုရင် အရုပ်ကလေးတွေလည်း သေတ္တာထဲအောင်းမနေတော့ပဲ ဒီပညာက ပြန်ပြီးရှင်သန် လာမှာပေါ့။ အဲဒီတော့ ဆိုကရေးတီး ရှိတာကို ပဲ ကြံဖန်ကျေးဇူးတင်နေရပါတယ်။
မေး။ ။ နှစ်တိုင်း ဆိုကရေးတီးပွဲတွေမှာလည်း ရုပ်သေးဘာသာရပ်ကို ဝင်ပြိုင်ကြတဲ့ အဖွဲ့ရယ်လို့ လက်ချိုး ရေတွက်လို့ ရလောက်အောင်နည်းပါးတယ်။ အဲဒါဘာကြောင့်ပါလဲ။
ဖြေ။ ။ အခုခေတ်က ကုန်ဈေးနှုန်းက ကြီးတယ်လေ။ရုပ်သေးတဖွဲ့ ဖြစ်ဖို့ဆိုတာကလည်း ဆိုင်းတွေဝိုင်းတွေနဲ့ ဆိုင်းက လည်း ၇ ယောက်လောက်တီးရတာကိုး၊ရုပ်သေးရုပ်တွေကလည်း ဈေးကြီးတယ်။ဒီလိုလူတွေကို စုစည်းဖို့ တီးလုံးတိုက် ဖို့ဆိုတာတွေကမလွယ်ပါဘူး။ဒီပညာရပ်ထဲမှာ နှစ်ပြီးတော့ လုပ်နိုင်မှပဲရမှာလေ။မဟုတ်ရင်မလွယ်ပါဘူး။ အဲဒါတွေ ကြောင့် နည်းလာတာလည်းပါတယ်။
မေး။ ။ မြန်မာ့ရုပ်သေးလောကအပေါ် အမြင်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လူတွေကလည်းတဖြည်းဖြည်းနဲ့ မြန်မာ့ရုပ်သေးရဲ့လေးနက်မှုတန်ဖိုးကို အာလုံး သိလာကြပါတယ်။ ဒါပေမယ့် မလွယ်ဘူးလေ၊ မိုးလင်းပွဲတွေအဆင့်ထိဖြစ်ဖို့ကမလွယ်ဘူး။အဖွဲ့တွေကလည်း များများမရှိတော့ ရှားရှားပါးပါးရှိတဲ့ ကျမတို့ အဖွဲ့တောင်တော်တော်လေးစိတ်ပျက်သွားပြီ။ကျမတို့ရုပ်သေးအဖွဲ့တွေကလည်း ဇာတ်အဖွဲ့တွေလိုပဲ လူ အယောက် ၄၀ လောက်ရှိတယ်ဆိုတော့ ဒီအဖွဲ့ကြီးကို စုစည်းဖို့ဆိုတာကတော်တော် လုပ်ရပါတယ်။အဲဒီတော့ တန်ဖိုး ရှိတယ်၊ရှိတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးလည်းပိတယ်။ ဒါပေမယ့် ကျမ ဖြေသာတာက မြန်မာ့ရုပ်သေးဟာ ကမ္ဘာ ကိုပေါက်သွားတယ်။ ကမ္ဘာကိုချပြနိုင်တယ်။ ကမ္ဘာမှာလည်း မြန်မာ့ရုပ်သေးက တကယ့်ကို ထိပ်ပါပဲ။
Copy Right By...ဧရာဝတီ
နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ
NEJ / နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။
ချင်းမိုင်မြို့ ဘန့်ဝှေစိုင်တွင် ကျောင်းတက်နေသည့် (၄) တန်းကျောင်းသား မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ဂျပန်တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အရွေးခံရကာ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး ပြိုင်ပွဲသို့ တရားဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာမှ ပြီးခဲ့သည့်စက်တင်ဘာ (၄) ရက်တွင် ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မောင်သောင်ဒီသည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ၀င်ရောက်ကူညီပြီးနောက် ထိုင်းအစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။
မိဘများသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ဖြစ်နေသည့်အတွက် မောင်သောင်ဒီအနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွားသော်လည်း ထိုင်းနိုင်ငံသားအဖြစ် အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသားအဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့အခြေအနေအဖြစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မောင်သောင်ဒီအား တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
source by :NEJ
Fast Flip ကို Google မှမိတ်ဆက်
ကမ္ဘာ့ သတင်းစာကြီးများနှင့် သတင်းဌာနများ၏ နောက်ဆုံးရ သတင်းများ၊ လူဖတ်အများဆုံး သတင်းများကို တစ်နေရာတည်းတွင် လွယ်လင့်တကူ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အင်တာနက် ကုမ္ပဏီကြီး Google က "Fast Flip" အမည်ရှိ အွန်လိုင်း ဝန်ဆောင်မှုတစ်ခုကို တနင်္လာနေ့က မိတ်ဆက်လိုက်သည်။
အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကိုမြို့တွင် ၂ ရက်ကြာကျင်းပလျက်ရှိသော TechCrunch50 Technology Conference ကာလအတွင်း Google က ၎င်းတို့၏ နောက်ဆုံးပေါ်ဝန်ဆောင်မှု Fast Flip ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Fast Flip ကို အသုံးပြု၍ Google နှင့် ချိတ်ဆက်ထားသည့် the Times, Atlantic, BusinessWeek, Cosmopolitan, Elle, Marie Claire, Newsweek အစရှိသော သတင်းဌာနပေါင်း ၃၀ ကျော်တို့၏ သတင်းများကို လျင်မြန်လွယ်ကူစွာ ဖတ်ရှုနိုင်မည်ဖြစ်သည်။ Fast Flip တွင် သတင်းများ၏ ပထမစာမျက်နှာကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး ဆက်လက်ဖတ်ရှုလိုပါက သတင်းပင်ရင်းရှိရာ အင်တာနက် စာမျက်နှာတွင် သွားရောက် ဖတ်ရှုရမည်ဖြစ်သည်။ Fast Flip ကို ဖတ်ရှုသူများအနေဖြင့် အကြောင်းအရာအလိုက်သော်လည်းကောင်း၊ သတင်းဌာနအလိုက်သော်လည်းကောင်း၊ လူဖတ်အများဆုံး၊ ပေါ်ပြူလာအဆုံးသတင်းများကိုလည်းကောင်း ရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်သည်။
အင်တာနက် သတင်းဌာနများ လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး ကမ္ဘာအနှံ့မှ သတင်းများကို အချိန်နှင့် တပြေးညီ လွှင့်တင်ပေးနိုင်လာသဖြင့် ဈေးကွက်ကျဆင်းလျက်ရှိသော ပုံနှိပ်သတင်းလုပ်ငန်းများ အနေဖြင့် အင်တာနက်မှ တဆင့် ဝင်ငွေရရန် ကြိုးစားလျက်ရှိသည်။ Google ၏ Fast Flip နှင့် ချိတ်ဆက်ထားသည့် သတင်းဌာနများအနေဖြင့် ၎င်းမှ ရရှိသည့် ဝင်ငွေအကျိုးအမြတ် အချို့ကို ခွဲဝေရရှိမည်ဖြစ်သည်။
Copy Right By...သံလွင်














